လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အကြို အသိပညာပေး ဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲ ပြုလုပ်

ကော့သောင်း  စက်တင်ဘာ ၁၂

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့်ဓာတ်ပုံပြပွဲအခမ်းအနားအား ကော့သောင်းခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ယမန်နေ့မွန်းလွဲပိုင်းက ပုလုံးတုံတုံးကျေးရွာ၊  အထက(ခွဲ) ကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကော့သောင်းခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက လူသားအခြင်းခြင်း ရောင်းကုန်အဖြစ် ပြုမှုကာ လူမှောင်ခိုကူးသည့် ပြသနာများ ယနေ့ကမ္ဘာနှင့်အဝှမ်း ကြီးမားသည့်ပြသနာတစ်ရပ်အဖြစ် နိုင်ငံတိုင်းတွင်ရင်ဆိုင်ကြုံတွေ့နေကြရသဖြင့်  မျိုးဆက်သက်လူငယ်လူရွယ်များ၊ ကျောင်းသား/သူကလေးငယ်များ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု ဖြစ်စဉ်များအကြောင်းသိကောင်းစရာများ၊ နယ်စပ်ဒေသဖြစ်၍ လူကုန်ကူးသူ များအန္တရာယ်မှ ကင်းဝေးနိုင်ရေး ကျောင်းသားကျောင်းသူ အရွယ်များ လိုက်နာဆောင်ရွက်ရ မည့် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများ အားလည်းကောင်း၊ ကော့သောင်းမြို့နယ် ဒုတိယဥပဒေအရာရှိ ဦးဝေလျှံကျော်က လူကုန်ကူးမှုနှင့်ပတ်သက်သည့်ပြစ်မှု ပြစ်ဒဏ်များ ဆိုင်ရာသိကောင်းစရာများအားအသီးသီး အသိပညာပေးဟောပြောကြပြီး လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုဆိုင်ရာ သိမှတ်စရာဗဟုသုတဖြစ်ဖွယ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲအား ခင်းကျင်းပြသပေးရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)