ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နှာခေါင်းစည်း Mask များ တပ်ဆင်ရေး Mask Campaign ပြုလုပ်

ဖျာပုံ စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းကို စက်တင်ဘာလ(၁၂)ရက်နေ့ နံနက်(၈)နာရီ အချိန်က ဖျာပုံမြို့ချောင်းတွင်းလမ်းမကြီး၊ ဖျာပုံတံတားကြီးအောက်၌ ပြုလုပ်သည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အ​ကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို မြို့ပေါ်လူစည်ကားရာ နေရာများဖြစ်သော ဖျာပုံမြို့ ချောင်းတွင်းလမ်းမကြီး၊ ဖျာပုံမြစ်ကူး တံတားကြီးအောက်နှင့် လူစည်ကားရာနေရာများတွင် Mask တပ်ဆင်ထားခြင်း မရှိသူများအား နှာခေါင်းစည်း Mask များ အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)