မိုးညိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေး

မိုးညို      စက်တင်ဘာ       ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီချိန်က အလက(ခွဲ)တောင်ပိုင်း ကျောင်း၌ ပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာဖတ်သည့်အလေ့ကျင့်ကောင်းများရရှိလာစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူး၊ စာဖတ်ခြင်းဖြင့်အမှားအမှန်သိရှိနိုင်ခြင်း၊ စာဖတ်သူသည်စာမဖတ်သူထက် အသိဗဟုသုတများရရှိခြင်းစသည့်တို့ကို အသိပညာပေးပြောကြားသည်။ ဆက်လက်၍ကျောင်းသား၊ ကျောင်းသူလေးများအား ပုံပြင်ပြောပြခြင်း၊ သုတ၊ ရသစာအုပ်စာစောင်များဖတ်ရှုစေခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ဗဟုသုတရရှိစေပြီး သိရှိလိုက်နာဆောင်ရွက်ရမည့် လူကုန်ကူးမှုအသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်နှင့် ကိုဗစ်အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။

မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ပညာရေးဌာနနှင့်ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌လည်းကောင်း၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာစီစာကုံး၊ စာဖတ်စွမ်းရည်၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ပြုလုပ်ပေးလျက်ရှိကြောင်းသိရသည်။

ကိုမင်း (ပြန်/ဆက်)