ပခုက္ကူ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက်၈နာရီက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ပခုက္ကူမြို့နယ်၊ ကျွဲတဲကျေးရွာအုပ်စု၊ ကျွဲတဲကမ်းနားကျေးရွာရှိ အိမ်ထောင်စုများအလိုက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုး လောက်လန်းရှိ/မရှိစစ်ဆေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ကြသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် ကျေးရွာတွင်း သန့်ရှင်းသာယာလှပရေးတို့အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ကျေးရွာများအနှံ့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)