ဟားခါး စက်တင်ဘာ ၁၂
ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးတွင် အခြေခံအကျဆုံးမှာ နှာခေါင်းစည်း (Mask) များ တပ်ဆင်အသုံးပြုခြင်းဖြစ်ရာ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း ၊ Mask Campaign များပြုလုပ်ခြင်းနှင့် ကိုဗစ်−၁၉ ရောဂါအသိပညာပေးလုပ်ငန်းများကို ချင်းပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးတွင် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် စက်တင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့၊ ကျီခါးမြို့နှင့် ခိုင်ကမ်းမြို့များရှိ စာသင်ကျောင်းများ၊ စျေးများ၊ လမ်းများ နှင့် လူစည်ကားရာနေရာများတွင် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ နှာခေါင်းစည်းများကို ဒေသခံပြည်သူများ လက်ဝယ် အရောက်အခမဲ့ ဖြန့်ဝေခြင်း၊ မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် RDT Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအတွက် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရန်၊ ချောင်းဆိုး နှာချေရာတွင် အုပ်၍ ဆိုးရန်၊ အခန်းများ လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ လူစုလူဝေးရှောင်ရန်၊ တတ်နိုင်သမျှ အိမ်မှာသာနေပြီး အပြင်ထွက်သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ လက်ကို ဆပ်ပြာနှင့် ရေတို့ဖြင့် စနစ်တကျ ဆေးကြောရန်၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများတွေ့ရှိပါက အနီးဆုံးကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းမျဉ်စည်းကမ်းများကို အသံချဲ့စက်ဖြင့် အသိပညာပေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ် ( ပြန်/ဆက် )