လိပ်သို စက်တင်ဘာ ၁၂
မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်နှင့် ၄င်း၏ မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါပိုးများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျောင်းသား/ကျောင်းသူများ သိရှိလိုက်နာကြစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ အသိပညာပေးဟောပြောပွဲကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်က အဖွင့်အမှာစကားပြောကြားပြီး လိပ်သိုမြို့ တိုက်နယ်ဆရာဝန် ဒေါက်တာဇေယျာဦးက ကိုဗစ်-၁၉ရောဂါမဖြစ်ပွားစေရေး ဂရုစိုက်ကြရန်၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် နှာခေါင်းစည်း Mask များကို စနစ်တကျ တပ်ဆင်ကြရန်၊ Mask ကိုဖယ်ရှားမည်ဆိုပါက Mask အနောက် ဘက်ရှိ ကြိုးကိုသာ ကိုင်တွယ်ဖယ်ရှားရန်၊ မိမိအသုံးပြုနေသော Mask သည် စိုစွတ်လာပါက Mask အသစ်တစ်ခုနှင့် လဲလှယ်အသုံးပြုကြရန်၊ လက်ကိုစနစ်တကျဆေး ကြောရန်၊ လူစုလူဝေး ရှောင်ရှားကြရန်၊ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအချက်များကို လိုက်နာကြရန် အသိပညာပေးဟောပြောပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (Covid-19) ကာကွယ်နိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။
ခင်လေးနွယ်(လိပ်သို)