သာယာဝတီ စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီခရိုင် မီးသတ်ဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးဝင်းက ဒီကနေ့ဟာဆိုရင်ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်မှာ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်လှစ်တဲ့ နေ့မြတ်အခါသမယပဲဖြစ်တယ်။ ဒီသင်တန်းကို မျက်မှောက်ခေတ်ကာလမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ငလျင်ဘေးအန္တရာယ်အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ဒီလိုဘေးအန္တရာယ်ကို မီးသတ်တပ်ဖွဲ့ဝင်တွေနှင့်အတူ ရှေ့တန်းကျကျ တုံ့ပြန်ရင်ဆိုင်ကြမယ့် မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ပရဟိတလူမှုရေးအသင်းအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ခေတ်မီ အဆင့်အမြင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာစနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နဲ့ အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့ကို ပြည်သူလူထုရဲ့ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များကျရောက်သည့်အခါ ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း မီးသတ်တပ်ဖွဲ့ရဲ့ရည်မှန်းချက် တာဝန်တစ်ခုဖြစ်တဲ့အတွက် နိုင်ငံတော်အတွင်းသဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောရုတ်တရက်ဖြစ်ဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ရပါကအလျင်အမြန် တုံ့ပြန်ထိခိုက်ပျက်စီးဆုံးရှုံးမှုနည်းပါးသည်ထက် နည်းပါးစေရန် ကြိုတိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ယခုလိုရှာဖွေကယ်ဆယ်ရေးသင်တန်းများ သင်ကြားလေ့ကျင့်ပေးရခြင်းပဲဖြစ်ပါတယ်စသည့် အကြောင်းအရာများကို အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်း၊ သာယာဝတီခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သင်တန်းသား(၅၀)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
သန့်ဇော် (ပြန်/ဆက်)