ရွှေကျင် စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာ၊ ဆိပ်ကလေးတောင်သူပညာပေးစခန်းတွင် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ သီးနှံအထွက်တိုးစေရန် စိုက်ပျိုးရေးနည်းပညာပေး သင်တန်းကို ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ ကျင်းပပြုလုပ်ခဲ့သည်။
မိုးသီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ သီးနှံအထွက်တိုးစေရန် စိုက်ပျိုးရေးနည်းပညာပေးသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမင်းသူက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့လုပ်ငန်းများအား အရှိန်အဟုန်မပျက် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြရန်၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ကြရန်မှာကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်ရန် ခေတ်မီနည်းပညာများ၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို အကျယ်တဝင့်ပြောကြားဆွေးနွေးခြင်း၊ သဘာဝမြေဆွေးပုံပြုလုပ်သုံးစွဲနည်း၊ ဥယျာဉ်ခြံသီးနှံများအတွက် အရည်အသွေးကောင်းသီးနှံများထုတ်လုပ်နိုင်ရန် လိင်မဲ့နည်းဖြင့်မျိုးပွားခြင်းဖြစ်သည့် ကိုင်းကူး၊ ကိုင်းဆက်ခြင်း၊ အဖူးကူးခြင်းနည်းပညာများကို လက်တွေ့ပြသဆောင်ရွက်ခြင်းများဖြင့် စိုက်ပျိုးရေးနည်းပညာပေးသင်တန်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါမိုးရာသီစိုက်ပျိုးနည်းပညာပေးသင်တန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူ(၅၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)