ရှမ်းရွာသစ်မြို့တွင် Youth Club အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းရွာသစ်    စက်တင်ဘာ  ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာရေးဆရာ ဒေါက်တာကျော် စိန်ရေးသားသော "လူငယ်လမ်းညွှန် "စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်းတစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးသည့်အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့်စာအုပ်ကိုဖတ်ရှုလေ့လာခြင်းဖြင့် လူငယ်များ အတွက် အကောင်းဆုံးသော ဘဝကိုတည်ဆောက်နိုင်မည့် အတွေးအမြင်ခံယူချက်စိတ်ထားနှင့် ဗဟုသုတများတိုးပွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီးနောက် (Youth Club)အဖွဲ့ဝင်များက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ဘာသာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကြီးပွားရေး ခေါင်းစဉ်ပါအကြောင်းအရာများကို အကျဉ်းချုပ်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)