ချောင်းသာ စက်တင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ ကမ်းနီးငါးဖမ်း ရေလုပ်ငန်းရှင်များနှင့် ရေထွက်ပစ္စည်း ဝယ်ယူစုဆောင်းခွင့် လုပ်ငန်းရှင်များအား မျိုးသုဉ်းရှားပါး ရေနေနို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီက ငါးလုပ်ငန်းဦးစီးဌာန(ချောင်းသာမြို့ရုံး)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငါးလုပ်ငန်းဦးစီးဌာန(ချောင်းသာမြို့ရုံး)ဦးစီးမှူး ဦးဆန်းဝင်းက ငါးလုပ်ငန်းဦးစီးဌာန(ရုံးချုပ်)၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၈နှင့် ညွှန်ကြားချက်အမှတ် ၅/၂၀၂၂ အရ မျိုးသုဉ်းရှားပါး ရေနေနို့တိုက်သတ္တဝါများအား တကောင်လုံးသော်လည်းကောင်း၊ ယင်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ သော်လည်းကောင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ဒဏ်ရာအနာတရဖြစ်စေခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ယူခြင်း၊ လွဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ထောက်ခံချက်မပါဘဲ ပြည်ပသို့တင်ပို့ခြင်းများ မပြုလုပ်ကျရန်နှင့် မတော်တဆ အသက်ရှိလျက် ဖမ်းဆီးရမိပါက အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် လိုက်နာရန် ပျက်ကွက်ပါက မြန်မာ့ငါးလုပ်ငန်းဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက ကမ်းနီးငါးဖမ်းလှေများ ဆိုက်ကပ်ရာ နေရာတွင် ကမ်းနီးငါးဖမ်းရေလုပ်ငန်းရှင်များနှင့် ရေထွက်ပစ္စည်း ဝယ်ယူစုဆောင်းခွင့် လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများသိရှိနိုင်စေရန်အတွက် “ရေနေနို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေး” ဆိုင်းဘုတ်ကို အသိပညာပေး စိုက်ထူခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်
ချောင်းသာ၊ ပြန်/ဆက်