စစ်ကိုင်းမြို့တွင် မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးဝန်ထမ်း/ တောင်သူနည်းပညာပေး သင်တန်းဖွင့်

စစ်ကိုင်း စက်တင်ဘာ ၁၂

စစ်ကိုင်းခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မိုးစပါးမျိုးစေ့ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဝန်ထမ်း/ တောင်သူ နည်းပညာပေးသင်တန်းဖွင့်ပွဲကို စက်တင်ဘာ(၁၂)ရက်၊ နံနက်(၉)နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာ ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စိုက်ပျိုးစနစ်မှန်ကန်ရေး၊ မြေရွေးချယ်မှုမှန်ကန်ရေး၊ မျိုးကောင်း/ မျိုးသန့်ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာအသုံးပြုရေးနှင့် မျိုးစေ့ထုတ်လုပ်ရန်စတင်ချိန်မှ ရိတ်သိမ်းချိန်အထိ ပေါင်းမြတ် ကင်းရှင်းစေရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးများနှင့်ဝန်ထမ်းများ၊ ကျေးရွာတောင်သူများ တက်ရောက်ခဲ့ကြကာ သင်တန်းကို (၁)ရက်တာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချ ပေးသွားမှာဖြစ်ပြီး တက်ရောက်လာသည့်အဖွဲ့များက မြေအသုံးချရေးဓာတ်ခွဲခန်းအတွင်း လေ့လာကြရာ တာဝန်ခံများက ရှင်းလင်းတင်ပြဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်း (ခရိုင်ပြန်/ဆက်)