မယ်စဲ့မြို့နယ်တွင် ခရီးသည်များ ခရီးသွားလာမှု နည်းပါးသည့်အတွက် မယ်စဲ့-လွိုင်ကော် ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းအချို့ ပုံမှန်ပြေးဆွဲမှုမရှိ

မယ်စဲ့ စက်တင်ဘာ ၁၅

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနေ့စဉ်များပြားလာမှု ကြောင့် ခရီးသည်များ ခရီးသွားလာမှု နည်းပါးသည့်အတွက် မယ်စဲ့-လွိုင်ကော်သို့ ပြေးဆွဲနေသည့် ပုဂ္ဂလိက မော်တော်ယာဉ်လိုင်းအချို့ ပုံမှန်ပြေးဆွဲမှုမရှိကြောင်း မော်တော်ယာဉ် ဂိတ်ရှိ တာဝန်ရှိသူများထံမှ သိရသည်။

ယခုလက်ရှိတွင် မယ်စဲ့မှ လွိုင်ကော်သို့ ပုဂ္ဂလိကမော်တော်ယာဉ်လိုင်း ငါးလိုင်း ပြေးဆွဲလျက်ရှိပြီး လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များပြားလာသဖြင့် မော်တော်ယာဉ်လိုင်းများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ခရီးသည်များ တင်ဆောင်ကြရန် အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီးဖြစ်သည်။

“လတ်တလော ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုဟာ နေ့စဉ်တိုးတက်များပြားလာတဲ့အတွက် စက်တင်ဘာ ၁၂ ရက်ကစပြီး ဝန်ထမ်းတွေရော၊ ခရီးသွားပြည်သူတွေရော စီးနင်းမှုနည်းပါးသွားပါတယ်။ ဒါကြောင့်နေ့စဉ် မပြေးဆွဲနိုင်တော့ဘဲ ခရီးသည်ရှိတဲ့နေ့မှသာ ပြေးဆွဲတာပါ။ အချို့ယာဉ်လိုင်းတွေ အနေနဲ့လည်း ခရီးသည် မရှိသော်လည်း ကုန်ပစ္စည်းတွေ တင်ဆောင်ပြီး ပြေးဆွဲနေရပါတယ်” ဟု ယာဉ်မောင်းတစ်ဦးက ပြောကြား သည်။

မယ်စဲ့မှ လွိုင်ကော်သို့ အကြောင်းအမျိုးမျိုးကြောင့် ခရီးသွားရသည့် ပြည်သူများအနေဖြင့် မော်တော်ယာဉ် စီးနင်းသည့်အခါ နှာခေါင်းစည်း Mask တပ်ဆင်စေပြီး Social Distancing နှင့်အညီ လူ ၇ ဦးသာ တင်ဆောင် ခွင့်ရှိပြီး ခရီးသည်တစ်ဦးလျှင် မော်တော်ယာဉ်စီးနင်းခ ကျပ် ၁၂၀၀၀ ကောက်ခံလျက်ရှိကြောင်း သိရသည်။ 

ဝတ်ရည်(ပြန်/ဆက်)