ဖြူးမြိူ့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းရှိ သင်တန်းသူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

ဖြူး  စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ သင်တန်းသူများအား သိသင့်သိထိုက်သည့် အချက်များကို သိရှိနိုင်စေရေးအတွက် ရည်ရွယ်ကာ ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမတွင် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေး ဟောပြောရာတွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ထွေးရီက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဖြူးမြို့နယ်စားသုံးသူရေးရာစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူ အခွင့်အရေးဆိုင်ရာများ၊ စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ ဥပဒေများ၊ ကုန်အညွှန်းအမှတ် အသားများအကြောင်းကို လည်းကောင်း၊ ဖြူးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်သူဇာလွင်က လူငယ်နှင့် အခွင့်အလမ်းအကြောင်း ကိုလည်းကောင်း၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ  ဒေါ်အိမာဟိန်း က ကလေးသူငယ်အခွင့်အရေး ဆိုင်ရာများအကြောင်းကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့  သင်တန်းကျောင်းအုပ်နှင့် ဆရာမများ၊  သင်တန်းသူများ တက်ရောက်ကြကြောင်းနှင့် အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဝန်ထမ်းများက အသိပညာပေး နံရံကပ်ပြဘုတ်များ ပြသပေးပြီး ဖြူးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက သင်တန်းသူများအား ကိုယ်လက်ကြံ့ခိုင်ရေး အားကစားနည်းများ လက်တွေ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)