အိမ်မဲ စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်အတွင်း မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ စီထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ကိုဗစ်-၁၉ ကာလ စီးပွားရေးထိခိုက်မှု သက်သာရေးအစီအစဉ်နဲ့ ကျွန်မတို့ လူမှုဝန်ထမ်းဦးစီးဌာနကနေ တာဝန်ယူပြီး အိမ်မဲမြို့နယ်အတွင်း ထောက်ပံ့ကြေးတစ်ခါမှမရဘူးသေးတဲ့ မသန်စွမ်းသူများကို တစ်ဦးလျှင်ငွေကျပ် သုံးသောင်းစီ အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေး တာပါ။ အိမ်မဲမြို့နယ်အတွင်း ရပ်ကွက် ကျေးရွာအုပ်စု ၁၀၂ အုပ်စုထဲကမှ မသန်းစွမ်းသူ ၉၉၆ ဦးကိုထောက်ပံ့ပေး တာပါ။ မနှစ်ကလည်းမြို့နယ်အတွင်းက မသန်စွမ်းသူ ၈၁၄ ဦးကိုလည်း နိုင်ငံတော်အစီအစဉ်ဖြင့် ထောက်ပံ့ခဲ့ပါသေးတယ်။ အခုလက်ရှိ ကျန်ရှိနေတဲ့မသန်စွမ်းသူ ၄၄ ဦးကိုလည်း စာရင်းထပ်တင်ပေး ထားပါတယ်လို့'' အိမ်မဲမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဒုဦးစီးမှူး ဒေါ်ဝေဝေထွန်းကပြောသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ဝေဝေထွန်းနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ စာရေးများမှ မသန်စွမ်းသူများ၏ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)