ပခုက္ကူ စက်တင်ဘာ ၁၁
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၈ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီး၊ ဓာတ်ခွဲဌာနနှင့် သွေးလှူဘဏ်၌ ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုပေါင်း၍ သွေးလုံးရေ(၅၀)ကျော် လှူဒါန်းကြသည်။
ထိုသို့စုပေါင်းသွေးလှူဒါန်းရာသို့ မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ယုနိုင်နှင့် အတူ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇေယျာလင်းအောင်၊ အမှတ်(၁၇)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး ရဲထွန်းမြတ်တို့က တက်ရောက်ကြည့်ရှုအားပေးကြပြီး ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ဓါတ်ခွဲဌာနှင့် သွေးလှူဘဏ်မှ ဒေါက်တာ စောမြတ်သွယ်နှင့် ကျန်းမာရေးဝန်ထမ်းများက သွေးလှူရှင်များကို ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအုပ်စုခွဲခြင်းများ ဆောင်ရွက်ပေးကြကာ ခရိုင်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့များက သွေးလုံးရေ(၅၁)လုံး စုပေါင်းလှူဒါန်းခဲ့ကြသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ယုနိုင်နှင့် တာဝန်ရှိသူများက သွေးလှူရှင်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် တစ်ဦးလျှင် ကြက်ဥငါးလုံး၊ Royal-D အချိုရည်တစ်ဘူး၊ ငှက်ပျောသီး သုံးလုံးတို့အားလည်းကောင်း၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက သွေးလှူရှင် တစ်ဦးလျှင် Fire Dragon အချိုရည် တစ်ဘူး၊ ကြက်ဥပြုတ်တစ်လုံး၊ ငှက်ပျောသီးတစ်လုံး၊ ဓာတ်ဆားနှစ်ထုပ်၊ အားဆေးငါးလုံးတို့ အားလည်း ကောင်း အသီးသီးထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)