ဒေးဒရဲ စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လယ်ယာမြေများတွင် မိုးစပါးတစ်ဧကအထွက်နှုန်း တင်း ၈၀ နှင့်အထက် ထွက်ရှိရေး နည်းပညာအရ ပေါ်ဆန်းကြီး စပါးကို စိုက်ချိန်ပြောင်းလဲစိုက်ပျိုးလျက်ရှိသော ဒေးဒရဲမြို့နယ် ဆင်ကူးကျေးရွာရှိ တောင်သူ ဦးထွန်းမြင့်အောင်၏ မိုးစပါး စိုက်ဧက (၄၀)တွင် မိုးစပါး စိုက်ပျိုးနေမှုအား ယနေ့ နံနက်(၉) နာရီက မြို့နယ်စိုက်တိုးမြှင့်အဖွဲ့နှင့် ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြည့်ရှုအားပေးခြင်းကို မြို့နယ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ပြီး မိုးစပါး စိုက်ပျိုးလျက် ရှိသော ကောက်စိုက်လုံမေများအား ဂုဏ်ပြုဆုငွေနှင့် လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
ဒေးဒရဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပေါ်ဆန်းကြီးစပါးကို ပုံမှန်စိုက်ပျိုးချိန်ဖြစ်သော ဇွန်၊ ဇူလိုင်အစား သြဂုတ်၊ စက်တင်ဘာလများတွင် စိုက်ပျိုးခြင်းအားဖြင့် အပင်သက်တမ်းကို လျှော့ချပြီးဖြစ် သဖြင့် အပင်ပြုစုမှုကာလလျော့ကျကာ ကုန်ကျစရိတ်လျော့နည်း သက်သာစေ ခြင်း အပင်အရပ်လျော့ကျ သွားသဖြင့် ရိတ်သိမ်းချိန်တွင် အပင်ယိုင်လဲမှုကြောင့် ပျက်စီးဆုံးရှုံး မှုနှင့် အထွက်နှုန်းလျော့ကျမှုမရှိ စေခြင်း၊ ပန်းပွင့်ချိန်တွင် မိုးရွာသွန်းမှုကြောင့် အထွက်နှုန်း ထိခိုက်မှုမရှိစေခြင်း၊ ပေါ်ဆန်းစပါး၏ အရည်သွေးများ တိုးတက်လာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေပြီး ဒေသ၏ ပုံမှန်အထွက်နှုန်း ထက် တစ်ဧကလျှင် ၂၀ တင်းနှင့်အထက် ပိုမိုထွက်ရှိလာမှာဖြစ်ကြောင်း သိရပြီး ၎င်းပေါ်ဆန်းစပါး စိုက်ချိန်ပြောင်းလဲစိုက်ပျိုးခြင်းကို ယခင်နှစ် (၂၀၂၁ ခုနှစ်)မိုးစပါးရာသီမှာ ဧက(၄၀)ဖြင့် စတင်ဆောင်ရွက် ခဲ့ရာ အထွက်နှုန်းနှင့် ဆန်စပါးအရည်သွေး တိုးတက်ကောင်းမွန်ကြောင်းကို တောင်သူများ သိရှိလက်ခံ လာပြီဖြစ်၍ ယခုနှစ်မိုးရာသီတွင် စိုက်ချိန်ပြောင်းနည်းစနစ်ဖြင့် စိုက်ပျိုးမှုဧက(၃၀၀) အထိ တိုးတက်လာ ပြီဖြစ်ရာ ဒေသတွင်းစပါးထုတ်လုပ်မှုနှင့် ကျေးလက်နေတောင်သူများ၏ ဝင်ငွေတိုးတက်လာမည်ဖြစ် ကြောင်း သိရသည်။
အေဇာလင်း