မုံရွာ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ မင်းကွန်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့ ဆွမ်းဆန်၊ ဆီ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မင်းကွန်း တောင်ရိုး၊ တိပိဋကဓမ္မနာဒ ပရိယတ္တိစာသင်တိုက်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ မင်းကွန်းတောင်ရိုး သီရိဓဇကျောင်းတိုက်၊ ဦးစီးပဓာန နာယက ဆရာတော်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တအဂ္ဂဓမ္မ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြင့်တော်မူကြပြီး အခမ်းအနားသို့ ကြွရောက်လာကြသော ဆရာတော်ကြီးများနှင့် တာဝန်ရှိသူများက မင်းကွန်းဒေသသာသနာရေးဆိုင်ရာ ကိစ္စများကို ဆရာ၊ ဒကာ ဆွေးနွေးလျှောက်ထားကာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ၊ ဆွမ်းဆန်နှင့် ဆီများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ စစ်ကိုင်းမြို့၊ မင်းကွန်းတောင်ရိုး တိပိဋကဓမ္မနာဒ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစန္ဒိမာ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ ကြည်ညိုကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေးပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ စစ်ကိုင်းမြို့၊ မင်းကွန်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၁၅ ကျောင်းသို့ ဆွမ်းဆန်-၁၅ အိတ်၊ ဆီ-၅ ပိဿဝင် ၁၅ ပုံးတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)