ငဖဲမြို့နယ် မင်းလွင်ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ငဖဲ စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော အဖွဲ့များဖြင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက မင်းလွင်ကျေးရွာ ဓမ္မာရုံသို့ သွားရောက်၍ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကျေးရွာအရောက် ဆောင်ရွက်ကြရာတွင် ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်၊ ငဖဲမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဇော်ဝင်းနှင့် ဌာနဆိုင်ရာများက အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးရွာနေပြည်သူများ သိရှိလိုက်နာနိုင်ရန် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မှုခင်းပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ပြစ်မှုပြစ်ဒဏ်နှင့်ဥပဒေများ၊ ရပ်ရွာလုံခြုံရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ရေပြည့်ထိုးနှံပြီးစီးရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု ဇယားဆောင်ရွက်မှု ဆိုင်ရာများ၊ လယ်ယာမြေစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ မိုးစပါးများ အချိန်မီ စိုက်ပျိုးပြီးစီးရေး၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးရေးနှင့် ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ သွင်းအားစုပစ္စည်းများ ထုတ်ပေးမှု အခြေအနေများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်သစ်တောများကို စနစ်တကျခုတ်ယူသုံးစွဲရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သားသတ်လိုင်စင်များကို စည်းကမ်းနှင့်အညီ ဆောင်ရွက်ရေး၊  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများကို အသီးသီး ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ပြည်သူများက သောက်သုံးရေရရှိရေးအတွက် အဝီစီတွင်းတူးဖော်ပြီး ရေပိုက်လိုင်းသွယ်တန်းရေးဆိုင်ရာ ကိစ္စများကို  တင်ပြဆွေးနွေးရာ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးလှိုင်နှင့် သက်ဆိုင်ရာဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မယု (ငဖဲ)