အိမ်မဲမြို့နယ်တွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး လုပ်ငန်းများဆောင်ရွက်

အိမ်မဲ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဇရပ်ဆိပ်ကျေးရွာ စိတ္တဓမ္မသုခအောင် ဓမ္မာရုံတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းမှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ် (၁၂)နာရီ(၃၀) မိနစ် တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ (အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းရုံးရေး) စသည့် စစ်ကြောင်းကြီးငါးကြောင်းမှ ဒေသဖွံ့ဖြိုးရေး အတွက် လာရောက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နေကြာသီးနှံစိုက်ပျိုးသည့် အကြောင်းအရာ များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး ကောင်းမြတ်စံက လုံခြုံရေးဆိုင်ရာအပိုင်း၊ လက်ရှိဆောင်ရွက်ရမည့် အခြေအနေ၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး အကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦးအောင်နိုင်ဦးက ပန်းခင်းစီမံချက်အကြောင်း၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းက ကျောင်းနေ အရွယ် ကလေးအားလုံး ကျောင်းတတ်နိုင်ရေးအကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်ဦးက စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးအကြောင်း၊ စားသုံးဆီဖူလုံနိုင်ရေးအတွက် နေကြာစိုက်ပျိုးရန် အကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဆွေမှ လယ်ယာမြေလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ(၇) အကြောင်း၊ လယ်ယာမြေ အမွေဆက်ခံ ပိုင်ခွင့်အကြောင်း၊ သရက်ကုန်းတိုက်နယ်ဆေးရုံမှ ကျန်းမာရေးကြီးကြပ် (၁) ဦးပြည့်စုံထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံပေးမည့်အကြောင်း၊ အသက် (၅)နှစ်မှ (၉)နှစ်အထိ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အကြောင်း၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးအရာရှိ ဦးစဟိန်းလင်းဇော် ကချောင်းဖျား -သရက်ကုန်းလမ်းခင်းမည့်အကြောင်း၊ (၅)ဖာလုံကျော်ခင်း ပြီးပြီဖြစ်ကြောင်း၊ (၁၅)ရက်နေ့တွင် လမ်းဖွင့်ပေးမည်ဖြစ်ကြောင်း၊ မြောင်းမြခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်ဦးကသွေးလွန် တုပ်ကွေးရောဂါ အကြောင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွင် Mask များကို စနစ်တကျ တပ်ဆင်ကြရန်အကြောင်း၊ သရက်ကုန်း နယ်မြေရဲစခန်းမှူးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဇရပ်ဆိပ်ကျေးရွာမှ ပြည်သူစုစုပေါင်း (၇၀)ဦး တက်ရောက်ခဲ့ပြီး  စစ်ကြောင်းကြီး (၅)ကြောင်းမှ အဖွဲ့ခေါင်းဆောင်များက လိုအပ်သော လုံခြုံရေးအစီအမံများ၊ ပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ဆန်များနှင့် နှာခေါင်းစည်း များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)