လွိုင်ကော် စက်တင်ဘာ ၁၁
ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့ နံနက် ၈ နာရီအချိန်က အားကစားနှင့် ကာယပညာသိပ္ပံကျောင်း (လွိုင်ကော်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ဆန်နှင့် စားသောက်ရေးအတွက် ထပ်ဆောင်း ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က အားကစားနှင့် ကာယပညာ သိပ္ပံကျောင်း (လွိုင်ကော်)မှ သင်တန်းသား၊ သင်တန်းသူများ၏ ဘောလုံး၊ ပြေးခုန်ပစ်၊ ဂျူဒိုအားကစားနည်းများ လေ့ကျင့် နေမှု၊ ကိုယ်ကာယ ကြံ့ခိုင်ရေးအတွက် အားကစားလေ့ကျင့်နေမှု များအား ကြည့်ရှုအားပေးပြီး အားကစားကွင်း၊ အားကစားရုံနှင့် သင်တန်းသား၊ သင်တန်းသူများ၏ အိပ်ဆောင်များ၊ သုံးရေ လုံလောက်စွာထားရှိပေးမှု အခြေနေများ ကိုကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ ချုံနွယ်ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းနေမှုများ၊ ကျောင်းဝင်း အတွင်း စိုက်ပျိုးထားသော စားသုံးသီးနှံစိုက်ခင်းများကို ကြည့်ရှုအားပေး ခဲ့သည်။
ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က သင်တန်းသား၊ သင်တန်းသူများအား စားသောက်မှု ပြည့်စုံစေရေးနှင့် ထပ်ဆောင်းအာဟာရများ ကျွေးမွေးနိုင်ရန်အတွက် ဆန် (၃၀) အိတ်နှင့် ထောက်ပံ့ငွေ ကျပ်(၃၀) သိန်းကို ပေးအပ်ရာ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (လွိုင်ကော်) ကျောင်းအုပ်ကြီး ဒေါ်စိုးစိုးမြာက လက်ခံရယူခဲ့ပြီး ကျောင်းအကျိုးတော် ဆောင်အဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ကျောင်းတွင်းအခြေခံ မြန်မာ့ရိုးရာသိုင်းနှင့် ကျွမ်းဘား အားကစားနည်းသင်တန်းများတွင် ထူးချွန်ဆုရ ရှိသူများကို ဆုချီးမြှင့်ရာ ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(လွိုင်ကော်) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ တက်ရောက်နေသော သင်တန်းသား၊ သင်တန်းသူ(၆၄)ဦး၊ နည်းပြဆရာ၊ ဆရာမများနှင့် စုပေါင်း နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)