လွိုင်ကော် စက်တင်ဘာ ၁၁
ကယားပြည်နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၈/၂၀၂၂)ကို စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် နှင့် ကော်မတီဝင်များ တက်ရောက် ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မြန် အိုမီခရွန် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ခံရသူများကို စောင့်ရှောက်ကုသနိုင်ရေး အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ဆိုင်ရာအမိန့်နှင့် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ ပိုးတွေ့ရှိပါက ရောဂါကူးစက်ခံရသည့် အကြောင်းရင်းများနှင့် ခရီးသွားလာခဲ့မှု အခြေအနေများကို ဆန်းစစ်ရန်၊ မြို့နယ် အသီးသီးတွင် ရောဂါဖြစ်ပွားလာပါက ကုသရေးအတွက် ကြိုတင်စီမံ ပြင်ဆင်ထားရန်၊ အထောက် အကူပြု ပစ္စည်းများ အဆင်သင့်ရှိစေရေး၊ လုံလောက်မှုရှိစေရေး စီစဉ်ဆောင်ရွက်ထားရန်၊ အသိ ပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်၊ ကာကွယ်ဆေးထိုး လုပ်ငန်းများကိုလည်း မြို့နယ်အသီးသီး၌ သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရန်၊ ပြည်နယ်အတွင်းတွင် ရောဂါဖြစ်ပွားမှုနှင့် ကူးစက်မှုလုံးဝလျော့နည်း ပပျောက်စေရေးအတွက် ကော်မတီဝင်များက လုပ်ငန်းကဏ္ဍ အသီးသီးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ အတွင်း ရေးမှူး ဗိုလ်မှူးကြီး မြင့်ဝေက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ပြည်နယ်အတွင်း လက်ရှိဆောင်ရွက်နေမှုနှင့်ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ပြည်နယ်ကော်မတီ အဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များက ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ သည်။
ထို့နောက် ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)