ဘိုကလေးမြို့နယ် မျိုးစေ့ထုတ်တောင်သူများနှင့်စံပြ စမ်းသပ်ကွက် စိုက်ပျိုးတောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ

ဘိုကလေး စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအနေဖြင့် သီးနှံကောင်း၊ မျိုးစေ့ကောင်း ထုတ်လုပ်ဆောင်ရွက်နိုင်ရန်ကို ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ဓာတ်မြေဩဇာ သို လှောင်ရုံမှ ယူရီးယားဓာတ်မြေဩဇာများကို မြို့နယ်တွင်းမှ မိုးရာသီမျိုးစေ့ထုတ်တောင်သူများနှင့် စံပြစမ်းသပ်ကွက် စိုက်ပျိုးသော တောင်သူများအား ဈေးကွက်အတွင်းမှ ပေါက်ဈေးထက် လျှော့ပေါ့ကာ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါ ဓာတ်မြဩဇာ ရောင်းချပေးခြင်း အခမ်းအနားသို့ ဖျာပုံခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ ဦးဇော်သန်းဦး၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးဝင်းစိုးဦး နှင့် ဝန်ထမ်းများ၊ မြို့နယ်တွင်းမှ တောင်သူများ တက်ရောက်ကြကြောင်းနှင့် ဘိုကလေးမြို့နယ်အတွက် မိုးရာသီမျိုးစေ့ထုတ်တောင်သူများနှင့် စံပြစမ်းသပ်ကွက် စိုက်ပျိုးသောတောင်သူ(၂၅၀) ဦးခန့်အား ဈေးနှုန်းချိုသာစွာဖြင့် ဓာတ်မြေဩဇာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)