ကျိုက်လတ် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ မြစန္ဒီခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီ ခွဲခန့်က ကျိုက်လတ်မြို့နယ်ကြက်ခြေနီ အသင်းခွဲ မှ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ ၂၀၂၂ ခုနှစ်၊ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်ထံမှပေးပို့သော သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်ဌေးဌေးဝင်းက ဖတ်ကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်ကအမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ရိုင်းပင်းကူညီစိတ်မွေးမြူရမည်ဖြစ်ကြောင်း၊ ကြက် ခြေနီတပ်ဖွဲ့ဝင်များကဲ့သို့ မွန်မြတ်တဲ့စိတ်ထား ထားကြရမည်ဖြစ်ကြောင်း၊ စာကိုကြိုးစားသင်ယူကြရမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုပြန်လည်များလာသဖြင့် သတ်မှတ်ထားသည့် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သွားကြရန်တို့ ကို ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဆရာကြီး ဦးစိန်ဝှီးက ၂၀၂၂ ခုနှစ်၊ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနား ကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားရာတွင် နှစ်စဥ်ကမ္ဘာတစ်ဝှမ်း၌ စက်တင်ဘာလ ဒုတိယပတ်၏ စနေနေ့ကို ကမ္ဘာ့ရှေးဦးပြုစု ခြင်းနေ့အဖြစ်သတ်မှတ်ကြောင်းနှင့် ယခုနှစ်အတွက်ဆောင်ပုဒ်မှာ "Lifelong First Aid Leaning" "ရှေးဦးပြုစုအတတ်ပညာ ဘဝတစ်သက်တာသင်ယူပါ" ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ လည်းသင်ယူထားသင့်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။ ကျိုက်လတ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များကလည်း ရေနစ်ပြီးဒဏ်ရာရနေသူတစ်ဦးကို ဆေးရုံသို့ခေါ်မသွားမီ ရှေးဦးပြုစုခြင်းဖြင့် ပြုစုပုံ ကိုသရုပ်ပြ ပေးခဲ့ကြောင်းသိရသည်။
ရီရီမြင့်