မြင်းမူ စက်တင်ဘာ ၁၅
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် အသက်(၈၅)နှစ် အထက် အဖိုး/ အဖွားများအား လူမှုရေးပင်စင် အဖြစ် (၃)လလျှင် တစ်ကြိမ် ပေးအပ်လျှက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများ အတွက် လူမှုရေးပင်စင်များကို မြင်းမူမြို့၊ ရွှေပြည်သာခန်းမ၌ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ယခင်အကြိမ်များတွင် လူမှုရေးပင်စင်များကို အခမ်းအနားဖြင့် ပေးအပ်ခဲ့ကြောင်း၊ ယခုအခါ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ် ရေးမှူးများမှ တဆင့် အဖိုး/ အဖွားများအိမ်သို့ သွားရောက်ကာ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်ထံမှ သိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး(၄)ခုနှင့် ကျေးရွာအုပ်စု(၄၈)အုပ်စုတွင် နေထိုင်ကြသည့် အသက် (၈၅) နှစ် အထက် အဖိုး(၂၆၈)ဦး၊ အဖွား(၄၇၉)ဦးတို့အတွက် ထောက်ပံ့ငွေကျပ်(၂၂၄၁၀၀၀၀)ကျပ် ဖြစ်ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ)