ပဲခူး စက်တင်ဘာ ၁၁
ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ယမန်နေ့နံနက်ပိုင်းက (၅၈)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး (၅၈) နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများရှိ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းတပ်ဖွဲ့ဝင် (၄၇) ဦးမှ စုပေါင်းသွေးလှူဒါန်းနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သွေးလှူဒါန်းနေသည့် တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများအား တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်ထံသို့ လည်းကောင်း၊ သွေးလှူဒါန်းရာတွင် ကူညီဆောင်ရွက်ပေးကြသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများအား ဆေးရုံတာဝန်ရှိသူထံသို့လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)