ရွှေသောင်ယံမြို့တွင် မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

ရွှေသောင်ယံ စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ဝိဝေကာရာမ ကျောင်းတိုက်ဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီခွဲက မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းမှ ဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ၍ ဒေသလိုအပ်ချက်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်ဦးဆောင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ ခလရ(၃၆) ရွှေသောင်ယံ တပ်စခန်းမှ ဗိုလ်ကြီးရဲခိုင်၊ ရွှေသောင်ယံ‌ရှေ့တန်းစခန်းမှ ဒု-လဝကမှူး ဦးကျော်ဝင်းခိုင် ဦးဆောင်သော နိုင်ငံရေးစစ်ကြောင်း၊ မြို့စည်ပင်အမှုဆောင်အရာရှိ ဦးတင်လှမိုး‌ဦးဆောင်သော ဖွံ့ဖြိုး တိုးတက်ရေးစစ်ကြောင်း၊ တိုက်နယ်ဆရာဝန်ဒေါက်တာစည်သူ ဦးဆောင်သော လူမှုရေးစစ်ကြောင်း၊ နယ်မြေရဲစခန်းမှ ရဲအုပ်ကောင်းမြတ်ကျော် ဦးဆောင်သော စည်းရုံးရေး စစ်ကြောင်း စသည်ဖြင့် စစ်ကြောင်း (၅) ကြောင်းမှ ဒေသခံပြည်သူများနှင့် လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။

ထို့နောက် ပြည်သူများမှ ကဏ္ဍအလိုက် တင်ပြလာသည့် လိုအပ်ချက်များကို မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)