ပွင့်ဖြူ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းကို စက်တင်ဘာ ၁၄ ရက်နေ့(ရက်စွဲ)ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
အဆိုပါ ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာခြင်းကို မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာများရှိ အုပ်ချုပ်ရေးမှူးများက မိမိတို့နယ်မြေအလိုက် အသံချဲ့စက်များဖြင့် လှည့်လည် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။ ထုတ်ပြန်ကြေညာသည့် ညမထွက်ရအမိန့်တွင် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ရောဂါကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီ ထိန်းသိမ်းနိုင်ရေးအတွက် “အများပြည်သူအကျိုးငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၊ အရေးပေါ်ကိစ္စ ပေါ်ပေါက်လာပါက သက်ဆိုင်ရာ ခွင့်ပြုချက်ရရှိမှသာ ညထွက်ခွင့်ပြုမည် ဖြစ်ကြောင်း ၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၄ ရက်နေ့မှ စတင်ကာ နေ့စဉ် ည ၁၂ နာရီမှ နောက်တစ်နေ့ နံနက် ၄ နာရီအထိ ညမထွက်ရ” ဟု ပါရှိပြီး ထုတ်ပြန်သည့်နေ့မှ စပြီး အချိန်(၂)လ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ညမထွက်ရအမိန့် ထုတ်ပြန်ထားမှုအား တိကျစွာ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းအောင် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )