မအူပင်ခရိုင် သာသနာ့ဗိမာန်၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

မအူပင်    စက်တင်ဘာ   ၁၀

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့ အမှတ် (၄) ရပ်ကွက် မအူပင်ခရိုင် သာသနာ့ဗိမာန်‌‌တွင် ယမန်နေ့နံနက်ပိုင်းက ဆန်၊ ဆီ၊ ဆားနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများကို အမှတ် ( ၃ / ၄ ) ရပ်ကွက်နေ ပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချပေးရာနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူး ကြီးနိုင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို အားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဆန်ကုန်သည်များနှင့် ဆီကုန်သည်များမှ စုပေါင်း၍ တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည် ငွေကျပ် ၃၀၀၀ နှုန်း၊ဆီ ၅၀ ကျပ်သား ငွေကျပ် ၂၅၀၀ နှုန်း၊ဆား ၅၀ ကျပ်သား ငွေကျပ် ၂၀၀ နှုန်း၊ကြက်ဥ ၆ လုံး ငွေကျပ် ၁၀၀၀ နှုန်း၊  ဟင်းသီးဟင်းရွက်နှင့် အသားငါးများကို ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများက လွတ်လပ်စွာ လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)