စဉ့်ကူးမြို့နယ်၊ နေပူကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ် စနစ်ထုတ်ပေး

စဉ့်ကူး စက်တင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သော နေပူကုန်းကျေးရွာအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ်စနစ် သတ္တမအကြိမ်ထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။

ရှေးဦးစွာ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုလျှော့ချနိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားမိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးပေးကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံတို့မှ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ နေပူကုန်းကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၉၇)ဦးတို့အား ချေးငွေကျပ် (၂၉.၈၅)သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၆၆)ဦးတို့အား ချေးငွေကျပ် (၁၃.၈၅)သန်း၊ အရောင်းအဝယ် (၄)ဦးတို့အား ချေးငွေကျပ် (၁.၇၅)သန်း၊ စုစုပေါင်း (၁၆၇)ဦးတို့အား စီမံကိန်းရန်ပုံငွေကျပ် (၄၅.၄၅) သန်းအား ထုတ်ချေးပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်အောင်စိုး နှင့်ဝန်ထမ်းများ၊ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)