မြောင်းမြမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းစင်စေရန်အတွက် ကားဆိုင်ကယ်များ စည်းကမ်းနှင့် အညီ မောင်းနှင်ရန် စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်

မြောင်းမြ စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာပြီး စနစ်တကျ မောင်းနှင်နိုင်စေရေးအတွက်   မြို့အဝင်ဂိတ်များ၊ လမ်းမကြီးများတို့တွင် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်မတော်၊ ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က (၇) လမ်းမကြီးတွင် ဆိုင်ကယ်၊ ကားများ စစ်​ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်မှုတွင် မြောင်းမြမြို့နယ်အတွင်း ယာဉ်အန္တရာယ် ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊  လျော့နည်းကျဆင်း ပပျောက်စေရေးအတွက် မော်တော်ယာဉ်များ မောင်းနှင်သူ များအား စည်းကမ်းနှင့်အညီ မောင်းနှင်ရန်၊ လမ်းမကြီးပေါ်တွင် ယာဉ်များအချိန် ကြာမြင့်စွာ ရပ်နားထားခြင်းများ မပြုလုပ်ရန်၊ လမ်းညွှန်အမှတ်အသား  လိုက်နာရန်၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်းမပြုရန်၊ မော်တော်ဆိုင်ကယ် မောင်းနှင်ရာတွင်လည်း ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍ မစီးရန်၊ လမ်းပြောင်းပြန် မစီးရန်၊ ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန် စသည့် လိုက်နာရမည့် စည်းကမ်းအချက်များ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်ပြန်/ဆက်