မြန်အောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

မြန်အောင် စက်တင်ဘာ ၁၀

၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့ကအဖွင့်အမှာစကား ပြောကြားကြပြီး မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ဝင်းက စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျင်စိုးက ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့် ဆောင်ရွက်မည့် လမ်းတံတားတည်ဆောက်ခြင်း၊ မွမ်းမံခြင်း၊ မြို့သာယာလှပရေး၊ ရေပေးရေး စသည့် လုပ်ငန်းလျာထားချက်များအား ရှင်းလင်းပြောကြား၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အင်ဂျင်နီယာမှူး ဦးရဲစိုးက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်တည် ဆောက်ရေးလုပ်ငန်းများနှင့်လက်ရှိ မြေပြင်အခြေအနေတို့အား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်ချက်များ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်အောင်မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သော မြန်အောင်မြို့ အမှတ်(၆)ရပ်ကွက် မယ်သီလရှင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း (၃၉၀'×၂၀'×၈") ကုန်ကျငွေ-၁၇၆. ၀၀ ကျပ်သိန်းဖြင့် ဆောင်ရွက်နေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဆောင်၍ ကွင်းဆင်း ကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိရသည်။

ဝင်းဗိုလ် မြန်အောင်