မင်းတုန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကြေညာနိုင်ရန် မဲစာရင်း စိစစ်ရေးလုပ်ငန်း ဆောင်ရွက်

မင်းတုန်း စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ၂၀၂၀ ပြည်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် မြို့နယ်မဲစာရင်း စိစစ်ရေးလုပ်ငန်းကော်မတီက ဒုတိယအကြိမ် မဲစာရင်းကြေညာရာတွင် မဲစာရင်းပြည့်စုံ မှန်ကန်စေရန် ယနေ့နံနက် ၁၀ နာရီခန့်က မဲစာရင်း စိစစ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မဲစာရင်းစိစစ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုံစံ(၃)၊ ပုံစံ(၄)၊ပုံစံ(၄-ဂ)၊ပုံစံ(၃-က) နှင့် ပုံစံ(၄-ခ)ဖြင့် လျှောက်ထားသောမဲစာရင်း ဖြည့်သွင်းထားမှုများကို Hard Copy (၁) စုံ ထုတ်ယူ၍ တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိသည်။ ဒုတိယအကြိမ် မဲစာရင်း ကြေညာခြင်းကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကြေညာရန် လျာထား သတ်မှတ်ထားပြီး ဒုတိယအကြိမ် (နောက်ဆုံး) ကြေညာသည့် မဲစာရင်းတွင်ပါဝင်သော မိသားစု Code နံပါတ်များ သည် ဆန္ဒမဲပေးရန်အတွက် အတည်ဖြစ်ပြီး Code နံပါတ်ပြောင်းလဲမှုရှိမည် မဟုတ်တော့ ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဒေါ်စုသက်နှင်းဝေ ထံမှသိရှိရသည်။

ချင်းကလေး(NRDC)