ပန်းတနော် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ မြေနုကျေးရွာရှိ ဒေသခံပြည်သူများအား ဇေယျသိဒ္မိဗိမ္မာန်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ကျေးလက်နေပြည်သူများ အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ မွေးမြူရေး၊ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဇေယျာမြင့်မှ လုံခြုံရေးနှင့် ပတ်သက်၍ ပြည်သူ့ လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိပြီး မသင်္ကာသူများ တွေ့ရှိပါက သက်ဆိုင်ရာများသို့ ဆက်သွယ် အကြောင်း ကြားရန်၊ ရွာသူရွာသားများ စည်းလုံးညီညွှတ်မှုရှိမှ မိမိတို့ရပ်ရွာ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးသိန်းဝင်းမှ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေး သုံးစွဲပြီးအမှိုက်များ စနစ်တကျစွန့်ပစ်ကြရန်၊ အိမ်ပတ်ဝန်းကျင်ရှိ ချုံနွယ် မြက်ပင်များ ခုတ်ထွင်ရှင်းလင်းကြရန်၊ စည်းကမ်းရှိမှ မိမိတို့ရပ်ရွာ သန့်ရှင်းသာယာလှပမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက လယ်ယာမြေများ အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ စပါးမျိုးကောင်း မျိုးသန့်များ ရရှိစေရေး၊ သီးနှံ အထွက်နှုန်းကောင်းမွန်စေရန် သစ်စိမ်းမြေသြဇာ ထည့်သွင်းကြဲပက်နိုင်ရေး၊ ဆောင်းသီးနှံ နေကြာစိုက်ပျိုးနိုင်ရေး၊ မွေးမြူရေး၊ လမ်းတံတားကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက ကြိုတင်ကာကွယ်ရမည့် အကြောင်းအရာများ စသည့်သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှ မြို့နယ်ဦးစီးမှူးမှ အိမ်ထောင်စုစာရင်းကတ်ပြား များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)