ပဲခူးတိုင်းဒေသကြီး ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးနှင့် ခြင်ကျားပိုးလောက်လန်း ကင်းစင်ကျောင်းများထူထောင်ရေး သင်တန်းဖွင့်လှစ်

ပဲခူး  စက်တင်ဘာ  

တိုင်းဒေသကြီးအဆင့် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးနှင့် ခြင်ကျားပိုးလောက်လန်း ကင်းစင်ကျောင်းများ ထူထောင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟ က ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ  ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် ကျောင်းသားလူငယ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုကို လျှော့ချရန်ဖြစ်ကြောင်း၊ စာသင်ကျောင်းများမှ သွေးလွန်တုပ်ကွေးရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေနိုင်ရေးအတွက် ပိုးလောက်လန်းနှိမ်နှင်းရေးလုပ်ငန်းကို ပုံမှန်ဆောင်ရွက်ရန် လိုအပ်ကြောင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများတွင် ခြင်ကျားပိုးလောက်လန်း နှိမ်နှင်းရေးလုပ်ငန်းသည် အဓိကကျ၍ အထိရောက်ဆုံးသော လုပ်ငန်းဖြစ်သည့်အတွက် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြီး ကျောင်းများတွင် ခြင်ကျားလောက်လန်းကင်းစင်ကျောင်းများ ထူထောင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများသည် ကျောင်းသား/ ကျောင်းသူများ၏ ကျန်းမာရေးအတွက် အရေးပါသည့်လုပ်ငန်းဖြစ်ပြီး ကျန်းမာရေးဌာနနှင့် ပညာရေးဌာန ပူးပေါင်းဆောင်ရွက်မှသာ အကောင်းဆုံးအောင်မြင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာနီနီလှိုင် က ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးနှင့် ခြင်ကျားပိုးလောက်လန်း ကင်းစင်ကျောင်းများထူထောင်ခြင်း လုပ်ငန်းလမ်းညွှန်များနှင့် ကျောင်းအခြေပြုသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး (ခြင်ကျားပိုးလောက်လန်း ကင်းစင်ကျောင်းများထူထောင်ရေး) လုပ်ငန်းများဆောင်ရွက်မှု ကျောင်းအဆင့်သတင်းပို့ပုံစံတို့အား လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာပန်းမာလာမြတ်ကို က သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများနှင့်  ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး (ခြင်ကျားပိုးလောက်လန်း ကင်းစင်ကျောင်းများထူထောင်ရေး) လုပ်ငန်းများ ဆန်းစစ်မှုပုံစံတို့အား လည်းကောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးအေးငြိမ်းက ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး (ခြင်ကျားပိုးလောက်လန်း ကင်းစင်ကျောင်းများထူထောင်ရေး) လုပ်ငန်းများ ဆန်းစစ်မှုပုံစံအချုပ် (မြို့နယ်အဆင့်) ကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသူများက သိရှိလိုသည်များ ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဆရာကြီး ဦးစိုးလွင်နှင့် တိုင်းဒေသကြီးအတွင်းရှိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်သည့် နတ္တလင်း၊ တောင်ငူ၊ သာယာဝတီ၊ ပြည်၊ ကျောက်တံခါး၊ လက်ပံတန်း၊ ညောင်လေးပင်၊ ပေါင်းတည်၊ ပဲခူး၊ ဝေါစသည့်မြို့နယ် (၁၀)မြို့နယ်မှ ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)