ကန်ကြီးထောင့်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ကာရာအိုကေဆိုင်များဖွင့်လှစ်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ကန်ကြီးထောင့်   စက်တင်ဘာ  ၁၅

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကာရာအိုကေဆိုင် (KTV) များ ဖွင့်လှစ်မှုမရှိစေရေးအတွက် တာဝန်ရှိသူများမှ ယမန်နေ့ညနေ ၄ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့် ဦးဆောင်သော မြို့နယ်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဗီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ကာရာအို ကေဆိုင် (KTV) များ ကိုဗစ်-၁၉ ကာလအတွင်း ဖွင့်လှစ်ခြင်းမပြုကြရန် ထုတ်ပြန်ထားသည့် ညွှန် ကြားချက်အပေါ် KTV ဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်မှု ရှိ/မရှိ နှင့် စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ရောင်းချမှု ရှိ/မရှိ တို့ကို လိုက်လံစစ် ဆေးခဲ့သည်။ ယင်းသို့ စစ်ဆေးခဲ့သည့် နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်‌ရေးအတွက် ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာ‌ဆောင် ရွက်ကြရန်နှင့် ရှောင်တခင်ဝင်ရောက်စစ်ဆေး၍ လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေအရအရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များအား အသိပေးရှင်းလင်း ပြောကြားခဲ့ ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)