ဝန်းသိုမြို့နယ် ကျောက်တိုင်ကျေးရွာတွင် Cash For Work စီမံကိန်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

ဝန်းသို စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျောက်တိုင်ကျေးရွာတွင် CERP အစီအစဉ်အရ Cash For Work စီမံကိန်းထောက်ပံ့ငွေဖြင့် ရွာတွင်းလမ်းများ ကျောက်ရော မြေခင်းပြီး ကျောက်မုန့် ထပ်ပိုးခင်းခြင်းနှင့် ကျောက်ရိုးစီကွန်ကရစ်တံတား (၂) စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး ပြီဖြစ်၍ အိမ်ခြေ၊ အိမ်ထောင်စု(၄၄)ခု၊ လူဦးရေ(၁၈၈)ဦး တို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး တို့ကို များစွာအကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကျောက်တိုင်ကျေးရွာတွင် အဆိုပါစီမံကိန်းလုပ်ငန်းခွဲများဖြစ်သည့် အလျား ၉ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၅ ပေရှိ ကွန်ကရစ်တံတား(၂)စင်း၊ အရှည်ပေ ၂၅၀၀ရှိ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းနှင့် အရှည်ပေ ၂၂၀၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ရွာတွင်းလမ်းအားလုံး ကျောက်ရောမြေခင်းပြီး ကျောက် မုန့်ထပ်ပိုးခင်းခြင်းလုပ်ငန်းတို့ကို စီမံကိန်း ထောက်ပံ့ငွေကျပ်သိန်း (၁၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေ ကျပ်(၁၆)သိန်း ပူးပေါင်းထည့်ဝင်ငွေဖြင့်(Labour Intensive) လုပ်အားခပေးချစနစ်အသုံးပြုကာ ဆောင်ရွက် ပြီးစီးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ ဝန်းသိုမြို့နယ်အတွင်း Cash For Work စီမံကိန်းလုပ်ငန်းကို ကျေးရွာပေါင်း ၆ ရွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး လက်ရှိ အချိန်၌ ကျေးရွာ ၄ရွာတို့တွင် စီမံကိန်းလုပ်ငန်းခွဲများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း  မြို့နယ်ကျေး လက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်း တာဝန်ခံ ဒေါ်အိမွန်ဟိန်းထံမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)