ပွင့်ဖြူမြို့၌ U18 အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် ရွေးချယ်ထားသော အမျိုးသမီးလူငယ်အားကစားသမားများကို စခန်းသွင်းလေ့ကျင့်သင်ကြားပေး

ပွင့်ဖြူ စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက လာမည့်နှစ်တွင် U18 အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရန်အတွက်  ပဏာမ ရွေးချယ်ထားရှိသည့် ပြိုင်ပွဲဝင် အမျိုးသမီးလူငယ် အားကစားသမားများကို  စက်တင်ဘာ ၉ ရက်၊ ယနေ့နံနက်ပိုင်းကစတင်ပြီး မြို့နယ်ပြည်သူ့အားကစားကွင်း၌ အခြေခံဘောလုံးအားကစားနည်း စနစ်များကို စခန်းသွင်းလေ့ကျင့်သင်ကြားပေးနေကြောင်း အဆိုပါ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးမှ သိရသည်။

"လာမည့် ၂၀၂၃ ခုနှစ်မှာ မြို့နယ်အဆင့် U18 အမျိုးသမီးဘောလုံးပြိုင်ပွဲ စီစဉ်ကျင်းပပေးနိုင်ရန်အတွက် ကြိုတင် လေ့ကျင့်ပေးနေတာ ဖြစ်ပါတယ်။ U18 အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင် အမျိုးသမီးလူငယ် အားကစားသမား ၄၂ ဦးကို ရွေးချယ်ထားရှိပြီးတော့ ယနေ့နံနက်ပိုင်းကစပြီး အခြေခံဘောလုံးအားကစားနည်းစနစ်များကို စနစ်တကျ စခန်းသွင်းလေ့ကျင့်သင်ကြားပေးတာ ဖြစ်ပါတယ်။ အဓိကတော့ မြို့နယ်အတွင်းမှာရှိတဲ့ လူငယ်မောင်မယ်များကို ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေဖို့၊ ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး ယခုလို အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်က ပြောကြားသည်။

ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင် လူငယ်မောင်မယ်များကို ကိုယ်ကာယကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် ဘောလုံးအားကစားနည်း၊ ပိုက်ကျော်ခြင်းကစားနည်း၊ စားပွဲတင်တင်းနစ်ကစားနည်း၊ စစ်တုရင်ကစားနည်း၊ ပြေးခုံပစ်ကစားနည်း စသည့် အားကစားနည်းများကို စနစ်တကျ သင်ကြားပို့ချပေးပြီး ပြိုင်ပွဲများ စီစဉ်ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရေး ကျောင်းတွင်းအားကစား ပြိုင်ပွဲများစီစဉ်ကျင်းပပေးခြင်း၊ အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အားကစားနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ နယ်လှည့်ဟောပြောခြင်းနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပြန်/ဆက်)