ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ပုသိမ် စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန့်နေ့ နေ့လယ်ပိုင်းက ပုသိမ်မြို့ မြို့တော် ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ် စခန်း ဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ယခုလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ၅ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးပြိုင်ပွဲ မကျင်းပမီကပင် ဗဟိုမှသတ်မှတ်ပေးထားသည့် ပြိုင်ပွဲဝင်ဘာသာရပ်အားလုံးကို ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်တွန်းအားပေးဆောင်ရွက်ခဲ့ရာ ပြိုင်ပွဲအားလုံးဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး အကဲဖြတ် အဖွဲ့များအနေဖြင့်လည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်၍ ရွေးချယ်ခဲ့ကြပါကြောင်း၊ ယခုပြိုင်ပွဲမှ ဆုရရှိသူများအနက်မှ  အရည်အသွေးပြည့်ဝသူများကို စိစစ်ရွေးချယ်ပြီး စနစ်တကျ စခန်းသွင်းလေ့ကျင့်ပြီး အားနည်းချက်၊ အားသားချက်များ ပြင်ဆင်ဖြည့်ဆည်းဆောင်ရွက်ရန် လိုပါကြောင်း၊ (၂၂) ကြိမ်မြောက် ပြိုင်ပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်ဆုရရှိမှု တန်းစီဇယားတွင် တိုင်းဒေသကြီးအနေဖြင့် စတုတ္ထနေရာ ရရှိခဲ့ပြီး ယခု ၂၃ ကြိမ်မြောက်ပြိုင်ပွဲတွင် ပိုမိုအောင်မြင်မှုရရှိစေရေး ပြိုင်ပွဲဝင်များ၊ ပံ့ပိုးနည်း ပြပညာရှင်များအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် ရုပ်စုံသဘင်နှင့် ရာမာယဏဇာတ်တော်ကြီး ထည့်သွင်းယှဉ်ပြိုင်သွားမှာဖြစ်၍ ယခင်ရရှိခဲ့ သည့် အောင်မြင်မှုများထက် ပိုမိုသာလွန်အောင် ဘက်စုံထောင့်စုံက အားဖြည့်ဆောင်ရွက်ကြ စေလိုကြောင်းနှင့် မျိုးဆက်ဟောင်းမျိုးဆက်သစ် အနုပညာရှင်များဟာ မိမိတို့ရဲ့ အနုပညာ ဖန်တီးနိုင်စွမ်းကိုအသုံးချပြီး ဗဟိုအဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် တိုင်းဒေသကြီး အတွက် ဆုတံဆိပ်များရယူနိုင်ကြပါစေ ကြောင်း” ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် ကျေးလက်ရိုးရာအကအဖွဲ့၊ မဖွန်တိုင်းရင်းသားရိုးရာ အကအဖွဲ့၊ ရာမာယဏဇာတ်တော်ကြီးအဖွဲ့နှင့် ရုပ်စုံသဘင် အဖွဲ့တို့အား ပြိုင်ပွဲဝင်ဂုဏ်ပြုဆု များအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးမှ အဆိုပြိုင်ပွဲ ပထမဆုရရှိသူများနှင့် အကပြိုင်ပွဲ(အဖွဲ့လိုက်) ဆုရရှိသူများအားလည်းကောင်း ဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက တစ်ဦးချင်းအကပြိုင်ပွဲ တွင် ပထမဆုရရှိသူများနှင့် အဆိုပြိုင်ပွဲတွင် ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား လည်းကောင်း၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးမှ တစ်ဦးချင်းအကပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများ အားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ အရေးပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးမှ အတီးပြိုင်ပွဲ (စန္ဒရား)တွင် ဆုရရှိသူများအား လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးမှ အတီးပြိုင်ပွဲ (စောင်း၊ ပတ္တလား)တွင် ဆုရရှိသူများအား လည်းကောင်း၊ လူမှုရေးရာဝန်ကြီးမှ အတီးပြိုင်ပွဲ (တယော၊ မယ်ဒလင်)တွင် ဆုရရှိသူများ အားလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ အတီးပြိုင်ပွဲ (ဂီတာ၊ ဒုံမင်း)တွင် ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်မှ အတီးပြိုင်ပွဲ (ဆိုင်းတစ်ဦးချင်း) တွင် ဆုရရှိသူများအားလည်းကောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူးမှ အတီးပြိုင်ပွဲ (ဆိုင်းဝိုင်းကြီး၊ နှဲ)တွင် ဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရား လွှတ်တော်၊ တရားသူကြီးချုပ်မှ အတီးပြိုင်ပွဲတွင် (ပုလွေ၊ အိုးစည်၊ ဒိုးပတ်)တွင် ဆုရှိသူ များအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါတယ်။ အဲဒီနောက် ပြိုင်ပွဲဘာသာရပ် အလိုက် ဆုရရှိသူများ၏ ပြန်လည်သီဆို၊ ကပြ၊ တီးခတ်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်၊  ဒုတိယဆုရရှိသည့် မအူပင်ခရိုင်၊ တတိယဆုရရှိသည့် ဟင်္သာတခရိုင်များအား တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ သည်။

ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ခရိုင်အသီးသီးမှ အဆိုပြိုင်ပွဲဝင် ၅၇ ဦး၊ အကပြိုင်ပွဲဝင် ၁၉၁ ဦး၊ အရေး ပြိုင်ပွဲဝင် (၈)ဦး၊ အတီးပြိုင်ပွဲဝင် ၁၇၈ ဦး၊ စုစုပေါင်းပြိုင်ပွဲဝင် ၄၃၄ ဦးဖြင့် ပြိုင်ပွဲဝင်ခဲ့ကြရာ  ပြိုင်ပွဲအလိုက် ပထမဆု ၈၃ ဆု၊ ဒုတိယ ၄၇ ဆု၊ တတိယ ၂၉ ဆု၊ နှစ်သိမ့်ဆု ၁၇ ဆုဖြင့် ဆုတံဆိပ်စုစုပေါင်း ၁၇၆ ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)