မော်လမြိုင်ကျွန်း စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) တွင် မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အား ယနေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေး Talk Show တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းက မိုးရာသီတွင်ဖြစ်ပွားတတ်သော မုန်တိုင်းဘေးအန္တရာယ်များတွင် မုန်တိုင်းမဖြစ်ခင် ကြိုတင်ပြင်ဆင်ရမည့် အချက်များဖြစ်သော သက်ဆိုင်ရာအစိုးရဌာနများမှ ထုတ်ပြန်ကြေညာသော မိုးလေဝသ သတင်းများ၊ အကြံပြုချက်များအား လိုက်နာ၍ အခြားသူများကို မျှဝေခြင်း၊ အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့်အ ရေးကြီးစာရွက်စာတမ်းများ မိမိနှင့် အတူ ထားရှိရန်၊ မိသားစုများ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ စသည်တို့အား ရေးသားပြီး မိသားစုဝင် တိုင်း ယူဆောင်ထားရန်၊ မုန်တိုင်းဒီရေအထူးဂရုပြုရန်နှင့် သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ခိုလှုံရန်၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့် အချက်များဖြစ်သော မုန်တိုင်းဗဟိုဖြတ်သန်းစဉ် ခေတ္တလေငြိမ်သော်လည်း မကြာမီအချိန်အတွင်း ဆန့်ကျင်ဘက်အရပ်မှ ပိုမိုပြင်းထန်သည့် လေများ တိုက်ခတ်လာနိုင်သည်ကို သတိပြုရန်၊ မုန်တိုင်းအန္တရာယ် ကင်းရှင်းကြောင်း သက်ဆိုင်ရာအစိုးရဌာနမှ သတင်းထုတ်ပြန်သည်အထိ ဘေးကင်းလုံခြုံသော နေရာတွင် နေထိုင်ရန်၊ တိရစ္ဆာန်များကို မလိုအပ်ပဲ ချည်နှောင်ထားခြင်းမပြုရန်၊ ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းမပြုရန်၊ မုန်တိုင်းအနည်းငယ်အားလျော့သွားချိန်တွင် အိမ်အပြင် ထွက်ခြင်း၊ ကမ်းခြေ၊ မြစ်ကမ်းနား၊ ကမ်းနဖူးသို့ သွားရောက်ခြင်းမပြုရန်နှင့် မုန်တိုင်းဖြစ်ပေါ် ပြီးချိန်တွင် ပြုလုပ်ရမည့် အချက်များ ဖြစ်သော မိသားစုများ ပျောက်ဆုံးကွဲကွာပါက သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊ အန္တရာယ်ရှိသော ဓာတ်ကြိုး၊ ဓာတ်တိုင်၊ သစ်ပင် သစ်ကိုင်းများကို သတိပြုရှောင်ရှားပြီး သက်ဆိုင်ရာနှင့် ကူညီရှင်းလင်းခြင်း၊ အိမ်၏ ခိုင်ခံ့မှု အနေအထားနှင့် အဆိပ်ရှိသော တိရစ္ဆာန်များခြံအတွင်းရှိ/မရှိ စစ်ဆေးရန်နှင့် သန့်ရှင်းသော သောက်သုံးရေ (သို့) ကျိုချက်ထားသောရေ (သို့) ရေသန့်ဆေးခတ်ထားသောရေကိုသာ သောက်သုံးရန် စသည့်အချက်များ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင် သတိပေးစနစ်များ ဖြစ်သော (အဝါရောင်) ဘင်္ဂလားပင်လယ်အော်/ကပ္ပလီပင်လယ်တွင် မုန်တိုင်းများ ဖြစ်ပေါ်နေပြီဖြစ်သည်။ မုန်တိုင်း၏ အခြေအနေကို သတိထားနားစွင့်ပါ၊ (လိမ္မော်ရောင်) မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နေသည်။ မုန်တိုင်းသည် မိမိနေထိုင်ရာဒေသဆီသို့ ဦးတည်ရွေ့လျားသည်ဟု သတင်းရရှိပါက မုန်တိုင်း၏ ပြောင်းလဲမှု ဖြစ်စဉ်ကို အထူးသတိထားစောင့်ကြည့်ပါ၊ (အနီရောင်) မုန်တိုင်းသည် ကမ်းရိုးတန်းသို့ (၁၂) နာရီအကြာတွင် ရောက်ရှိလာမည်ဖြစ်ပြီး အန္တရာယ်ရှိနိုင်သည်။
လုံခြုံစိတ်ချရသော နေရာသို့ပြောင်းရွှေ့နေရာယူပါ၊ (အညိုရောင်) မုန်တိုင်းအန္တရာယ်ကျရောက် နေသည်။ လုံခြုံစိတ်ချရသည့် နေရာတွင် ခိုလှုံနေပါ၊ (အစိမ်းရောင်) မုန်တိုင်းအားပျော့ ပျက်ပြယ်သွားပြီ မိမိနေအိမ်သို့ ပြန်နိုင်ပါပြီစသည့် မုန်တိုင်းအန္တရာယ် သိကောင်းစရာများ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)