စစ်ကိုင်း စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့၊ နံနက်ပိုင်းက ရွာထောင် မီးရထားရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့်အဖွဲ့များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ဈေးဝယ်လာများအား နှာခေါင်းစည်းများ တပ်ဆင်စေခြင်း အသိပညာပေးနှိုးဆော်ကာ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် လက်သန့် ဆေးရည်များ ဆေးကြောပေးခြင်းတို့ ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
"ကျွန်တော်တို့ရပ်ကွက်အနေနဲ့ မဖြစ်မနေ ဈေးလာပြည်သူတွေကို နှာခေါင်းစည်းတပ်ဆင်ကြဖို့ အသိပညာပေးနှိုးဆော်ပါတယ် နောက်ပြီး လက်သန့်ဆေးရည်တွေကိုလည်း ဆေးကြောပေးပါတယ် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ/ရဲတပ်ဖွဲ့တွေ/ မီးရထားရဲတပ်ဖွဲ့တွေ/ ဒေသန္တရကျန်းမာရေးအဖွဲ့တွေ/ မီးသတ်တပ်ဖွဲ့ဝင်တွေ/ ဈေးအကျိုးတော်ဆောင် အဖွဲ့တွေ ပူးပေါင်းပြီး ဈေးရောင်းချသူတွေ၊ ဈေးဝယ်လာ ပြည်သူတွေကို နှာခေါင်းစည်းတပ်ကြဖို့ အသိပညာပေး နှိုးဆော်ပေးတယ် နှာခေါင်းစည်း တွေ အခမဲ့ ဖြန့်ဝေပေးပါတယ် အခုချိန်မှာဆို ဒီရောဂါက နေရာဒေသ အသီးသီးကို ပျံ့နှံ့လာနေပါပြီ တစ်ဦး တစ်ယောက်ကစ ကျန်းမာရေး အသိရှိမှ ကူးစက်မှုတွေ လျော့နည်းလာမှာပါ နှာခေါင်းစည်းမတပ်ဘဲ ဈေးရောင်းသူတွေ ဈေးဝယ်လာ ပြည်သူတွေကိုလည်း ဈေးရောင်းချခြင်း/ ဝယ်ယူခြင်းတွေ မပြုလုပ် ခိုင်းပါဘူး" ဟု ရွာထောင်မီးရထားရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပြ၍သိရသည်။
စစ်ကိုင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ အလှူရှင် များ၊ ပရဟိတအဖွဲ့များ၊ အခြားလူမှုရေးအသင်းအဖွဲ့များကလည်း စစ်ကိုင်းမြို့၏ လူစည်ကားသည့် နေရာများတွင် ကျန်းမာရေးအသိပညာပေးနှိုး ဆော်ပေးခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေး နေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်