ပုသိမ် စက်တင်ဘာ ၉
ပုသိမ်မြို့၏ ရှေးဟောင်းသမိုင်းဝင် ဘုရားတစ်ဆူဖြစ်သော ရွှေမုဌောမဟာစေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီး အာရုဏ်ခံတန်ဆောင်းတော်ကြီးတွင် ဝါတွင်းကာလဥပုသ်နေ့ သီလပေးခြင်း အခမ်းအနားနှင့် အတူ ဂရုဓမ္မအခါ တော်နေ့အခမ်းအနားကို ယနေ့ ၁၃၈၄ ခုနှစ် တော်သလင်း လပြည့်နေ့၊ အခါသမယ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်ကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဂရုဓမ္မ အခါတော်နေ့ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ရွှေမုဌောမဟာစေတီတော်မြတ်ကြီး၏ အလှည့်ကျ သဘာပတိ တစ်ဦးဖြစ်သော ဆရာဦးစန်းငွေက ဂရုဓမ္မအခါတော်နေ့နှင့် ပတ်သက်၍ ဆရာတော်ကြီးအား လျှောက်ထားခဲ့ သည်။ ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ မရမ်းချို ကျောင်းတိုက်ဆရာတော် ဘုရားကြီး ဘဒ္ဒန္တသောဘိတထံမှ သီလပေးတရားနာယူကြပြီး အခမ်းအနားတက်ရောက်ကြသူ အပေါင်းက (၉)ပါး သီလခံ ယူဆောက်တည်ခဲ့ကြသည်။ အလှူရှင်များကိုယ်စား ဝါဆိုသင်္ကန်းတော်မြတ်ကို အလှူရှင်တစ်ဦးက ဆက်ကပ် လှူဒါန်းပြီး သီလခံယူကြသူ အပေါင်းတို့မှ လှူဒါန်းသည့်အလှူငွေများကို ရွှေမုဌောဘုရား ဂေါပကအဖွဲ့မှ ပေးအပ်လှူဒါန်းခဲ့ကြသည်။ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်ဆရာတော်ကြီးမှ ဂရုဓမ္မ အခါတော်နေ့ဆိုင်ရာ သိကောင်းစရာများ ဟောကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှအတန်းပေး ဝေခဲ့ကြသည်။
ရွှေမုဌောမဟာစေတီတော်မြတ်ကြီး လျှပ်စစ်မီး ထွန်းညှိပူဇော်ရေးလုပ်ငန်းအတွက် အလှူငွေများကို မတည် အလှူရှင်အဖြစ် ဦးဇင်ကိုကိုမြင့်မိသားစုများက ပေးအပ်လှူဒါန်းခဲ့ကြရာ ရွှေမုဌောမဟာ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ လက်ခံရယူခဲ့ကြသည်။ လျှပ်စစ်မီးအလှူတော်အတွက် အလှူငွေများ ထည့်ဝင်လိုပါက ဖုန်းနံပါတ်-၀၉၄၂၈၅၅၂၀၀၉၊ ၀၉၆၉၉၅၅၅၄၄၇ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
မြင့်ဟန်