ပုသိမ်မြို့နယ်၌ မိုးစပါး မျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက်စိုက်ပျိုးသည့် တောင်သူများအတွက် ယူရီးယားဓါတ်မြေသြဇာ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပုသိမ် စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါး မျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက် စိုက်ပျိုးသည့် တောင်သူများအတွက် ယူရီးယားဓါတ်မြေသြဇာ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀း၀၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးစိုးပိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းက ယခုနှစ်မိုးရာသီ မိုးစပါး မျိုးစေ့ထုတ်၊ စံပြကွက်၊ စမ်းသပ်ကွက် တောင်သူများအနေဖြင့် ဓါတ်မြေသြဇာများ စျေးနှုန်းကြီးမြင့်စွာ ဝယ်ယူရမှု အခက်အခဲများ မရှိစေရန် နိုင်ငံတော်မှ စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တစ်ဧကချင်းအလိုက် အထွက်နှုန်း တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 ပုသိမ်မြို့နယ်တွင် မျိုးစေ့ထုတ် စိုက်ဧက (၄၉၄)ဧက၊ စံပြစိုက်ဧက (၂၉၀)ဧက၊ မိုးစပါးစိုက်ဧက (၆၆၀)၊ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကွက်(၃၄၉)ဧကနှင့် ပုသိမ်မြို့နယ်အတွင်း မိုးစပါးစိုက်ဧက စုစုပေါင်း(၉၁၄၃၆)ရှိပြီး မျိုးစေ့ထုတ်စိုက်ဧကများနှင့် စံပြကွက်စိုက်ဧကများအတွက် တစ်ဧကလျှင် ဓါတ်မြေသြဇာ (၁)အိတ်နှုန်းဖြင့် သြဂုတ်လအတွက် ထုတ်ပေးသည့် ဓာတ်မြေသြဇာအိတ်ပေါင်း (၁၇၉၃)အိတ်ကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကာ ကျန်ရှိသော မိုးစပါးစိုက်ဧကများကို ရရှိသည့် အိတ်အရေအတွက်ကို အချိုးကျ ဆက်လက်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၂ ဦးစိုးပိုင်နှင့်တာဝန်ရှိသူများက ဒေသခံတောင်သူများအား ယူရီးယားဓါတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်