ဒေးဒရဲ စက်တင်ဘာ ၉
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒေးဒရဲမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များသို့ PPE ဝတ်စုံများ ထောက်ပံ့လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ် အတွင်းတွင် ကူးစက်ပြန့်ပွားမှုမရှိစေရေး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ ကြက်ခြေနီအသင်းခွဲ ဒေးဒရဲမြို့နယ် ကြက်ခြေနီအသင်း တပ်ရင်းမှူး ဦးနေဝင်းအောင်က PPE ဝတ်စုံများ ထောက်ပံ့လှူဒါန်းရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းခဲ့ကြောင်း သိရ သည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက် လျက်ရှိသော မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့ပေါ်ရှိလူမှုရေးအသင်းအဖွဲ့(၄)ဖွဲ့၊ မြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု(၇)စုရှိ တာဝန်ရှိသူများထံ (PPE)(Level-2)အစုံ (၃၀၀)နှင့် Face Shield (၅၀)ခုအား ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
အေဇာလင်း