ပခုက္ကူ စက်တင်ဘာ ၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ် ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက် ရှိကြရာ ပခုက္ကူမြို့နယ်တွင် ယနေ့အထိ ကာကွယ် ဆေးနှစ်ကြိမ်လုံး အပြည့်အဝ ထိုးနှံပြီးသူ တစ်သိန်းလေးသောင်းကျော် ရှိပြီဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက သိရသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ စတင်ပြီး Covishield၊ Senovax၊ Verocell၊ Sinopharm၊ Sinovac စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမျိုးအစားတို့ကို ဦးစားပေး အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ (၁၆၅၆၂၆)ဦး၊ နှစ်ကြိမ်လုံး အပြည့်အဝ ထိုးနှံပြီးသူ (၁၄၁၂၃၇)ဦး ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများကို အခက်အခဲမရှိ အဆင်ပြေချောမွေ့စွာ ထိုးနှံပေးနိုင်ရေးတို့အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာများနှင့် စေတနာ့ ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်စေခြင်း၊ စနစ်တကျ မှတ်ပုံတင် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ကြပြီး မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုး စုရပ်များအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သည့် ပြည်သူဦးရေ (၂၃၂၃၁၀)ဦး ရှိပြီး ကျန်ရှိနေသူများ ကိုလည်း ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက ပြောသည်။
ဘာမီသာ(ပခုက္ကူ)