နတ်မောက် စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ရုံးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး အတွက် ပြည်သူများအား အသိပညာပေးအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန်၊ မြို့ပေါ် လူစည်ကားရာ နေရာများတွင် Mask Campaign လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ကြရန်၊ Mobile စနစ်ဖြင့် မြို့ပေါ်တွင် လှည့်လည် နှိုးဆော်ခြင်းနှင့် ကိုဗစ် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များအား လမ်းဆုံများတွင် ပြည်သူများ ကြည့်ရှုနိုင်စေရန် ဆောင်ရွက် ပေးစေလိုကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက စျေးအတွင်း စျေးရောင်း ဈေးဝယ် ပြည်သူများအား Mask များ ဖြန့်ဝေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အကြောင်း သိကောင်း စရာများကို အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းခြင်းနှင့် မြို့နယ် ကျန်းမာရေးဌာနမှ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ရှိမရှိ ကျန်းမာရေးဌာနသို့ လာရောက် စစ်ဆေးနိုင်ကြောင်းကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့ဝင်များက လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို အသီးသီး ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ် ကိုဗစ်ကော်မတီ ဥက္ကဋ္ဌက ပြန်လည်၍ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှဝင်း