အမ်း စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူ ဖြစ်စေရန်အတွက် အခြေခံစားသောက် ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၃) စျေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခြေခံ စားကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တပ်နယ်မှ တာဝန်ရှိသူများက ပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်းများ ဖြစ်ကြသည့် ဆန်တစ်ပြည်လျှင် (၁၆၀၀)ကျပ်၊ ဆီ(၁)ပိဿာ တစ်ဗူးလျှင်(၆၅၀၀)ကျပ်၊ ဝက်သား(၁)ပိဿာ (၁၀၀၀)ကျပ်၊ ကြက်သား(၁)ပိဿာ (၅၇၀၀)ကျပ်၊ ဒေသကြက်(၁)ပိဿာ (၁၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း (၁)ပိဿာ (၅၈၀၀)ကျပ်၊ ငါးတန် (၁)ပိဿာ (၁၅၂၀၀) ကျပ်၊ ငါးမုတ် (၁)ပိဿာ (၅၂၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၁၅၀)ကျပ်၊ နွားနို့၊ ပဲ၊ အမဲသားစည်သွတ်ဘူး၊ ကြက်အာလူး၊ ငါးတန်အချိုပေါင်း၊ မျှစ်စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဉ်ဘူး၊ ငါးသလောက်ဘူး၊ သရက်သီး သနပ်ဘူး၊ ငါးပိကြော်၊ ကန်စွန်းရွက်၊ ချဉ်ပေါင် စသည့် စားသောက်ကုန် ပစ္စည်းများနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်များကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ စျေးဝယ်သူများဖြင့် စည်ကားနေကြောင်း သိရှိရသည်။
စိုးမင်းထွန်း