သရက်ခရိုင်၊ မင်းလှမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အထက်မင်းလှ စက်တင်ဘာ  ၁၅

မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲလွင်က ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်နိုင် ရေးအတွက်  သင်တန်းဖွင့်လှစ်မည့်နေရာ၊ သင်တန်းဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေး ပြောကြားသည်။ ထို့နောက် အစည်းအဝေးတက် ရောက်လာသည့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များက  သင်တန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုကိစ္စများနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးခဲ့ကြ သည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို မင်းလှမြို့နယ် အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ သင်တန်းသား/သင်တန်းသူများကို စက်တင်ဘာ (၁၇)ရက်နေ့မှ(၁၈)ရက် နေ့အထိ ဖွင့်လှစ်ပို့ချ‌ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)