စလင်း စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)အုပ်စုအား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ စလင်းဘဏ်ခွဲမှ ၂၀၂၂_၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေကို တောင်သူများ မိုးရာသီကာလ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေးကို ကောင်းစွာ လုပ်ကိုင်နိုင်ရန် ယမန်နေ့ နံနက်ပိုင်းက ကျေးရွာအုပ်စုရှိ တောင်သူ(၃၉)ဦးအား ထုတ်ချေးခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု အသီးသီးတို့ရှိ တောင်သူများအား မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်မှ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ကျေးရွာများအလိုက် အလှည့်ကျ ထုတ်ချေးပေးလျက်ရှိရာ ကြက်သကိုင်ကျေးရွာ၊ နွယ်တမယ်ကျေးရွာ၊ စီဆွဲကျေးရွာ၊ သရက်တောကျေးရွာ၊ ရုံးပင်ကန်ကျေးရွာ၊ တောစိမ့်ကျေးရွာများရှိ တောင်သူ (၃၉)ဦး တို့အတွက် မိုးစပါးစိုက်ဧက တစ်ဧကလျှင် ကျပ်(၁၅၀၀၀၀)နှုန်းဖြင့် စိုက်ဧက (၁၅၉) ဧကနှင့် အခြားသီးနှံစိုက်ပျိုးရန် (၁၄)ဧကတို့အတွက် တစ်ဧကလျှင် (၁၀၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ၂၅၂,၅၀၀၀၀ ကျပ် တို့အား တောင်သူတစ်ဦးခြင်းစီ ရေတွက်၍ မြို့နယ် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ် မန်နေဂျာ ဦးစန်းထွန်းမြတ်က ပေးအပ်ခဲ့သည်။
စလင်းမြို့နယ် လယ်ယာဖွံဖြိုးရေး ဘဏ်ခွဲအနေဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယခင် ၂၀၂၁ ခုနှစ် မိုးရာသီချေးငွေ ပြေကြေသူ ပေးဆပ်သူ တောင်သူဦးကြီးများကို ဦးစွာထုတ်ချေးပေးလျက်ရှိပြီး ချေးငွေထုတ်ပေးစဉ်ကာလအတွင်း လာရောက်ပေးဆပ်သူ တောင်သူဦးကြီးများကိုလည်း ချေးငွေ ပြန်လည် ပေးဆပ်ခြင်းကို လက်ခံ၍ စက်တင်ဘာလကုန်အထိ ဆက်လက် ထုတ်ချေးသွားမည် ဖြစ်ကြောင်းကို လယ်ယာ ဖွံဖြိုးရေး မန်နေဂျာ ဦးစန်းထွန်းမြတ်ထံမှ သိရှိရသည်။
မောင်လွင်(စလင်း)