မြို့သစ် စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၌ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၄ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့သစ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တမူးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဒေါ်ခင်သန်းဌေး၊ မြို့သစ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်ကိုကိုနှင့် စိုက်ပျိုးရေးဝန်ထမ်းများမှ မြို့သစ်မြို့၊ ဗန္ဓုလကျေးရွာ၊ တောင်သူ ဦးလွန်းကျော်၏ ဆင်းဧကရီ(၃)မျိုးစေ့ထုတ် စိုက်ခင်းဧက(၁၀)၌ မိုးစပါး မျိုးကွဲနှုတ်ပယ်ခြင်းနှင့် နည်းပညာအသိပေးခြင်း တို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါမျိုးကွဲနှုတ်ပယ်ရခြင်းမှာ စပါးမျိုးစေ့ထုတ်လုပ်ငန်းတွင် မျိုးသန့်ငါးဆယ်ရာခိုင်နှုန်း ရရှိရေးအတွက် ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ရာ မျိုးစေ့ထုတ်စိုက်ခင်းအားလုံးတွင် စပါးပင်သက်တမ်း တစ်လျှောက် (၃)ကြိမ် ဆောင်ရွက်ရမည်ဖြစ်ပြီး ယခုအကြိမ်သည် ပထမအကြိမ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ပင်ပွားစုံချိန် လို့လည်းခေါ်ကြောင်း မြို့သစ်မြို့၊ စိုက်ပျိုး ရေးဦးစီးမှူး ဦးမြင့်ကိုကို ကပြောကြားသည်။
မြို့သစ်မြို့တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧကစုစုပေါင်း (၁၃၀) ဧကရှိပြီး နိုင်ငံတော်က ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား မျိုးစေ့ဖိုးနှင့် အပင်ပြုစုခြင်း လုပ်အားခများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထွန်းမင်းအောင်(ကဘော်မြေ)