အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်​​ရောဂါ ကာကွယ်ရေးအသိ ပညာပေး Mask Campaign ဆောင်ရွက်

အုတ်တွင်း   စက်တင်ဘာ   ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျဌာနဆိုင်ရာများက ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို ကြက်သွန်ခင်း(၁) ရပ်ကွက်၊ အုတ်တွင်း-ပြည်-ပေါက်ခေါင်းသွားလမ်းမီးပွိုင့်နေရာ၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးညီညီနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ​​ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်းရှိ   ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့သွားလာပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါကာကွယ်ရေးစည်းကမ်းချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ရန်လိုအပ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)